Pages

သဘောင်္နဲ့ ငရံ့ပတူ

အခုရက်ပိုင်း အစားအသောက်တွေ အကြောင်းကို ဓာတ်ကျနေတယ်။ လုပ်မစား ဖြစ်ပေမဲ့ စိတ်ထဲကနေ ကြံစည်နေတာကို ပါးစပ်က ဖွင့်ဖွင့်ပြောနေမိလို့။ ဒီနေ့လည်း ဈေးရောက်ရင် မသွားချင်ဆုံး အတန်းဘက်ကို မျက်စိလည်ပြီး တည့်တည့်ရောက်သွား ပြန်သေးတယ်။ ကိုယ့်နိုင်ငံဆိုရင်တော့ ရွှေဆိုင်ဘက်ကို ခြေဦးမလှည့်သလိုပေါ့ဗျာ။ ဒီမှာက အသီးအနှံတွေက ရွှေဖြစ်နေတာ ဆိုတော့ မြင်ပါလျက်နဲ့ မကြင်ရတဲ့ အဖြစ်ဗျို့။ ကိုယ့်ဆီမှာ မြင်ဖူးစားဖူးတဲ့ အသီးအရွက်တော်တော်များများက ဈေးအမြင့်ဆုံး ဖြစ်နေတော့ မြန်မာပြည်က အသီးအနှံတွေကို ပြေးမြင်မိတယ်။ ဒီနေ့တော့ ရှားရှားပါးပါး သဘောင်္သီး တွေ့ခဲ့တယ်။ ဈေးကတော့ ထုံးစံအတိုင်း မြင့်တာပေါ့ဗျာ။ ဒါပေမဲ့ မကြာခင်ပြန်ရတော့မှာဆိုတော့ ရွာရောက်ရင် ပြန်ပြောပြရ အောင်လို့ သေချာတော့ ကြည့်ခဲ့သေးတယ်။ ကိုယ့်တောမှာများ သဘောင်္သီး ဘယ်သူ့အိမ်သွား ခူးခူး ပေါထားတာ။ ငရံ့ပတူ ဆိုတာတော့ ဒီမှာ မမြင်မိပါဘူး။ သဘောင်္ပွင့်နဲ့က တွဲဘက်မို့ ထည့်ရေးထားတာ။ ပြောနေတာထက် စိတ်ကူးနဲ့ပဲ သဘောင်္သီးတွေ ပျော်ပျော်ပါးပါး သုပ်စားကြမယ်ဗျာ။

ကျွန်တော်တို့ နယ်ဘက်မှာ သဘောင်္သီးဆိုတာ တကယ်ကိုပေါတာပါ။ အစိမ်းတွေကို ဆန်ကွဲနဲ့ ရောပြီး ၀က်ပြုတ်ကျွေးလို့ရတဲ့အထိပေါတယ်။ ပေါတော့လည်း သိပ်ပြီး တန်ဖိုးမထားတာပေါ့လေ။ အခုနေရာလိုများ ဆိုရင်တော့ သူဋ္ဌေးပဲ။ သဘောင်္သီး တစ်လုံး မြန်မာငွေနဲ့တွက်ရင် သောင်းကျော်လောက် ရှိတယ်။ ရွာမှာပေါတယ် ဆိုပြီး လုံးဝမသုံးတာတော့ မဟုတ်ပါဘူး။ တောရွာပဲလေနော့ နောက်ပြီး အပင်ဆိုတာက အသုံးဝင်တာချည်းပဲလေ။

အသီးမှည့်တွေနဲ့ သဘောင်္ပင်

သဘောင်္ပင်မှာကလည်း လူတို့များလို အဖိုနဲ့အမဆိုပြီး ရှိပြန်သေးတယ်။ ငယ်ငယ်တုန်းကတော့ သဘောင်္ပင်စိုက် တော့မယ်ဆိုရင် အဖိုပင်နဲ့အမပင် သိရအောင် အပင်ပေါက်လေးတွေကို နှုတ်ပြီး အမြစ်ကိုကြည့်ခွဲတယ်။ ရေသောက်မြစ်ခေါ်တဲ့ အမြစ်မကြီးက နှစ်ခွဖြစ်နေရင် အမပင် ခွမနေရင် အဖိုပင် ဆိုတာသိနိုင်တယ်။ အဖိုပင်ကတော့ အသီးမသီးဘူး အပွင့်တွေပဲ ပွင့်တယ်။ အပွင့်ကလည်း အသုံးဝင်ပါတယ်။ ရေနွေးပြုတ်ပြီးတော့ သုပ်စားရင် ကောင်းကောင်းမှကောင်းပေါ့ဗျာ။ အခါးဓာတ်လေးနဲနဲပါပေမဲ့ စားလို့ကောင်းတယ်။ ငရံ့ပတူရွက်နဲ့ ရောပြီးပြုတ်ရင် အခါးဓာတ်လည်း ပျောက်တယ်။ နှစ်မျိုးလုံး ရောပြီးတော့လည်း သုပ်စားလို့ကောင်းပါတယ်။

သဘောင်္ဖိုပွင့်က ဒီလို အခိုင်လိုက်လေး ပွင့်တယ်(photo from google)
ဒါလေးတွေကို ခူးပြုတ်ပြီး သုပ်စားနိုင်ပါတယ်(photo from google)
ငရံ့ပတူပင်ကလည်း ကျွန်တော်တို့နယ်ဘက်မှာ ပေါတာပါပဲ။ ပြောင်းဖူးခင်း နှမ်းခင်းထဲဆိုရင် သူတို့ကိုပဲ ပေါင်းလုပ်ပြီး နှုတ်နေရတာ။ အရွက်နုချိန်ဆိုရင် ခူးပြီးတော့ ပြုတ်ပြီး နှမ်းလှော်ထောင်းလေးနဲ့ သုပ်စားရင် နူးညံ့ညံ့လေးနဲ့ စားလို့ကောင်းတယ်ဗျာ။ သဘောင်္ဖိုပွင့်နဲ့ ရောပြုတ်ပြီး သုပ်စားရင်လည်း ထို့အတူပါပဲ။ ဆေးအဖြစ်နဲ့ကတော့ အဆိပ်ကိုနိုင်တယ်ပြောတယ်။ ကျွန်တော့်အသိ တစ်ယောက်ပြောပြတာတော့ သူတို့ရွာက လူယာခင်းထဲမှာ ပိုးထိ(မြွေကိုက်တာ) အနားမှာက ဘယ်သူမှလည်း မရှိတော့ ကြောက်ကြောက်လန့်လန့်နဲ့ အနားရှိတဲ့ ငရံ့ပတူရွက်တွေကို ၀ါးစားတာ မြွေဆိပ်တွေ ပြေသွားတယ်ဆိုပဲ။ အမြစ်လတ်လတ်ဆတ်ဆတ်ကိုလည်း ရေပြောင်အောင်ဆေးပြီး မြွေကိုက်တဲ့ အပေါ်မှာ အုံပေးရင် မြွေဆိပ်ကျတယ်လို့ ကြားဖူးတယ်။ အရွက်ကိုတော့ အိမ်မှာတုန်းက မကြာမကြာ စားဖူးတယ်။ ဆေးအသုံးကတော့ ကိုယ်တိုင်မသုံးကြည့်ဖူးဘူး။ သူများပြောပြလို့ သိရတာလေးကို ဗဟုသုတ အဖြစ်မျှဝေတာပါ။
ငရံ့ပတူပင်နဲ့ အပွင့် (photo from google)

သဘောင်္ပင်ကတော့ ဆေးအသုံးထက် အစားအသောက်ပဲ သုံးကြတာများတယ်။ စားတာလည်း ဆေးပဲပေါ့ဗျာ။ "အစာလည်းဆေး ဆေးလည်းအစာ" လို့ဆိုတာကိုး။ အများဆုံးကတော့ အသီးစိမ်းကို သုပ်စား၊ချက်စား ကြတာများတယ်။ သဘောင်္သီးစိမ်းကို ဗူးသီး၊ဖရုံသီးတို့လို အရည်သောက်လေး ချက်စားရင်လည်း ဟင်းဖြစ်တာပါပဲ။ အရင်ပို့စ်မှာတုန်းက ကြက်သားနဲ့ချက်စားတာလေး ပြောခဲ့ပါသေးတယ်။ အများစုသိကြတာ ကတော့ သဘောင်္သီးသုပ်ပေါ့။ အသုပ်စုံဆိုရင် သဘောင်္သီးစိမ်းက မပါမဖြစ်ပါပဲ။ ကျွန်တော်တို့ ရွာမှာကတော့ မိန်းခလေးအများစု ညလသာသာမှာ ဗိုင်းငင်ရင်း သဘောင်္သီးသုပ် သုပ်စားတတ်ကြတယ်။ ရခိုင်သုပ်လိုတော့ ငါးပိမပါဘူးဗျ။ ရွာမှာ သဘောင်္သီးသုပ်တာက ကျွန်တော်သိသလောက်ဆိုရင် သဘောင်္သီး၊ ကုလားပဲလှော်ပြီးသားကို မညက်တညက် ထောင်းထားတာရယ်၊ မန်ကျည်းသီးမှည့်ကို ရေနူးအောင်စိမ်ထားတဲ့ အဖတ်လိုက်ရယ်၊ ကုလားအော်သီးစပ်စပ် ထောင်းထားတာရယ်၊ ဆား၊ဟင်းချိုမှုန့် အဲ့ဒါလေးတွေပဲ။ ဆီတောင် မထည့်ဘူး။ ချဉ်စပ်စပ်လေးနဲ့ ကုလားပဲမညက်တဲ့အစေ့လေးတွေပါ ရောဝါးပြီး ရေနွေးပူပူလေး သောက်ရတာ တကယ်ကို့ အရသာရှိလှတယ်။
ငရံ့ပတူ အသီး( photo from google)
ရွာတုန်းကတော့ လသာတဲ့ညဆိုရင် ဗိုင်းငင်တဲ့ ၀ိုင်းရှိရာကို သွားသွားလည် ဖြစ်တယ်။ စကားစမြည်ပြောရင်း ရောက်လို့မကြာခင် တစ်မျိုးမဟုတ် တစ်မျိုးတော့ စားရတတ်တယ်လေ(ဟီးဟီး)။ အနည်းဆုံးဗျာ မန်ကျည်းစေ့လှော်လေးတော့ ၀ါးရတယ်ဗျ။ အခုတော့ ဗိုင်းငင်တာတွေလည်း ပျောက်ကုန်ပြီလား မသိပါဘူး။ ကျွန်တော်ရွာမှာတုန်းကတော့ ရှိသေးတယ်။ ညဆို အိမ်လည်သွားရင် ဗိုင်းငင်တဲ့ဝိုင်းသွားသွားလည်တယ် အဲ့ဒီက လူစုံတယ်။ အထူးသဖြင့် ရွာက မိန်းခလေးတွေကို တစ်နေရာထဲမှာ အကုန်တွေ့ရတယ်(ဟဲ...ဟဲ)။ အညာက ဓလေ့လေးတွေလည်း ပျောက်ကွယ်သွားမှာ စိုးမိတယ်ဗျာ။

သဘောင်္ရွက်(photo from google)
သဘောင်္ရွက်နုနုလေးတွေကိုတော့ မီးလေးနဲ့ နွမ်းသွားအောင်ကင်ပြီး ထမင်းနဲ့ မြှုပ်စားရင် ကောင်းပါတယ်။ တချို့ကတော့ အစိမ်းလိုက်စားတယ်။ ကြိုက်သလို စားနိုင်ပါတယ်။ နဲနဲတော့ ခါးတယ်။ အရွက်နုလေးတွေကို နုပ်နုပ်လှီးပြီးတော့ ဆားလေးနဲနယ် ရေဆေးပြီး လ္ဘက်သုပ်ထဲမှာ ထည့်သုပ်စားရင် လေရောဂါရှိသူတွေနဲ့ တည့်ပါတယ်။
သဘောင်္အမပင်ရဲ့ အပွင့်ပါ (photo from google)



သဘောင်္သီးမှည့်လေး သုံးဆောင်သွားပါအုံးဗျို့(photo from google)
သဘောင်္သီးမှည့်ကတော့ အချိုတည်းစရာ အဖြစ် ထမင်းစားပြီးချိန်နဲ့၊ နေ့လယ်နေ့ခင်းတွေမှာ စားလို့နိုင်သလို ညဘက်အိပ်ယာ ၀င်ခါနီးမှာ စားရင်လည်း ကောင်းပါတယ်။ “မနက်ငှက်ပျော၊ ညသဘောင်္” ဆိုပြီးလည်း ကြားဖူးတယ်။ ငှက်ပျောသီးကို မနက်အစောမှာ စားရင် ကျန်းမာရေးအတွက်ကောင်းတာလား၊ ပိုပြီးချိုတာကို ပြောတာလားတော့ မသိပါ။ သဘောင်္သီးကိုလဲ အဲ့ဒီလိုပါပဲ ညပိုင်းစားတာက ပိုကောင်းတာလား ပိုချိုတာလား ဆိုတာကို မသိပါဘူး။ စာဆိုလေးကတော့ အဲ့လိုလေး ရှိတာသိတယ်။ မြို့မှာတော့ သဘောင်္သီးမှည့်ကို ဖျော်ရည်လုပ်သောက်ကြထင်ပ့ါ။ ဆိုင်တွေမှာ ရေးထားတာ တွေ့တယ်။ အရမ်းမမှည့်ခင် ရွှမ်းဗျင်း လေးမှာ ကိုက်စားရတာလည်း တစ်မျိုးကောင်းတယ်ဗျ။ ယိုးဒယား သဘောင်္သီးထောင်းဆိုတာကိုတော့ ကြားဖူးပေမဲ့ မစားဖူးသေးပါဘူးဗျာ။
ဒါကတော့ ရခိုင်သုပ်ထင်တာပဲ အညာသုပ်မဟုတ်တာတော့ သေချာ၏ ကြိုက်တတ်ရင် အ၀သာ စားသွား ဂျာ:):):)

ကိုင်း... ဒီလောက်ဆိုရင် သဘောင်္နဲ့ ငရံ့ပတူပင် အကြောင်း အနည်းငယ်မျှ ဗဟုသုတ ရလောက်မယ် ထင်ပါတယ်။ ကျွန်တော်မသိတာလေးတွေကိုလည်း ပြန်ပြီးမျှဝေပေးခဲ့ပါအုံးဗျာ…

အားလုံး စိတ်ရွှင်လန်း ချမ်းမြေ့ကြပါစေ…

3 comments:

  1. စားချင်တာဗျာ... သဘောင်္သီးသုပ်နဲ့ သင်္ဘောသီးမှည့်ကိုလေ..
    ပြန်ရတော့မှာပါ... စားချင်တဲ့ဟာတွေကို မှတ်ထားတယ်.. ရန်ကုန်ရောက်
    တာနဲ့ အ၀တွယ်တာပေါ့...

    ReplyDelete
  2. စားချင်စရာ...

    ReplyDelete
  3. စားသွားတယ်အကို....သြော် ဝေးနေရတာ ကြာပါပေါ့လားနော်...:):)

    ReplyDelete