Pages

အညာရဲ့ အတာသင်္ကြန်

ယဉ်ယဉ်ကျေးကျေး အညာသင်္ကြန်( Photo from google)

"တူးပို့….တူးပို့..." ဆိုတဲ့ သင်္ကြန်ဒိုးသံလေးက ကြားရသူတိုင်းရဲ့ စိတ်ကို ရွှင်မြူးတက်ကြွ စေပါသည်။ တစ်နှစ်မှာတစ်ခါသာ ကြားရတဲ့ ဒီသီချင်းသံနဲ့ သင်္ကြန်ဒိုးသံတွေဟာ သင်္ကြန်နား နီးလာပြီ ဆိုရင်တော့ နှစ်စဉ်နိုးထလာစမြဲ။ နွေရာသီမှာ သင်္ကြန်ဒိုးသံကို စပြီးကြားရသည်နှင့် လူတိုင်းရဲ့ စိတ်ထဲမှာ သင်္ကြန်ကို ရောက်တော့မည် ဆိုတာ နားလည်သည်။ သင်္ကြန်သီချင်းသံကလည်း သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်တွင်း ကာလမှာပဲ ကြားရသည်။ တခါတရံ သင်္ကြန်လွန်ကာလ  များမှာလည်း ကြားရနိုင်သည်။ ဒါပေမဲ့ သင်္ကြန်ကာလမှာ ကြားရတာလောက် မြူးကြွပျော်ရွှင်မှု့ မရှိသလို ခံစားရသည်။ မြို့ပေါ်မှာ သင်္ကြန်ကာလနီးရင် သင်္ကြန်သီချင်းသံကို ထီတွန်းလှည်း ဆီမှ အရင်ဆုံး ကြားရသည်။ ကျောင်းတက်စဉ်တုန်းက စာမေးပွဲဖြေခါနီးရင် သင်္ကြန်သီချင်းသံတွေ ကြားရပြီး အလိုလို စိတ်တွေ လန်းဆန်း နေတတ်သည်။

တောရွာတို့ရဲ့ သင်္ကြန်အချက်ပေးနှိုးဆော်သူက နွေဥသြနဲ့ ပန်းပိတောက်တွေဖြစ်သည်။ မြို့မှာလို ထီတွန်းလှည်းဆီမှ သင်္ကြန်သီချင်းသံ မကြားနိုင်ပေမဲ့ တောရွာတောဓလေ့ ဥသြငှက်တွန်သံ နဲ့ ရွာထိပ်က ပိတောက်ပင်ကြီးတို့ကို ကြည့်ပြီး သင်္ကြန်ကို မျှော်ကြသည်။ တခါတခါတော့ ရွာမြောက်ပိုင်းက ကိုထွန်းမောင် ဓာတ်စက်ဆီမှ သင်္ကြန်သီချင်း သံကို ကြားရတတ်သည်။ နောက်တခု နွေရာသီမှာ ကျင်းပပြုလုပ်တဲ့ ရွာအလှူပွဲမှာ အငြိမ့်မင်းသမီးက ရွာကအပျိုလူပျိုတို့ အတွက် အငြိမ့်ပြီးခါနီးရင် နှစ်သစ်ကူးလက်ဆောင် ဆိုပြီး သင်္ကြန်သီးချင်းအဆိုအကနဲ့ အငြိမ့်ကို သိမ်းတတ်သည်။ အဲ့ဒီအချိန် မျိုးမှာတော့ ဆိုင်းဝိုင်းကလည်း သင်္ကြန်ရေသဘင်ဒိုးကို မြိုင်ဆိုင်စွာ တီးမှုတ်ပေးသည်။ ကျေးတောပျော်တို့အတွက် သင်္ကြန်ပိုးတွေကို နှိုးဆွပေးခဲ့တတ်သည်။

မြို့ပေါ်မှာလို ရေပက်ခံထွက်ဖို့၊ အလည်အပတ်သွားဖို့ ဆိုတာတွေကို တကုတက ပြင်ဆင်ခြင်းမရှိ။ တောဓလေ့ ရိုးရာ အတိုင်းပဲ ရေကစားကြသည်။ သင်္ကြန်အကြိုနေ့မနက်မှာ သင်္ကြန်ကြိုအိုး အဖြစ် ရေအိုးသေးသေး တစ်လုံးမှာ တမာပန်း၊မာလကာညွှန့် အုန်းညွှန့် မြေဇာမြက်၊ သီးခက်၊ သပြေခက် စတာတွေဝေဆာအောင် ထိုးပြီးတော့ အိမ်တိုင်းမှာ သင်္ကြန်ကို ကြိုကြသည်။ ရွာဦးကျောင်းမှာတော့ သင်္ကြန်မတိုင်ခင် ကတည်းက သင်္ကြန်မဏ္ဌပ် ဆောက်လုပ်ထားသည်။ သင်္ကြန်တွင်းကာလမှာ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ရွာဦးကျောင်းကို သွားပြီး ဥပုသ်သီလ ဆောက်တည်ကြသည်။ လူကြီးပိုင်းကတော့ နေကုန်အောင် ကျောင်းမှာပဲ နေကြသည်။ လူငယ်တွေကတော့ ဥပုသ်စောင့်ပြီး စတုဒီသာ အတွက် ၀ိုင်းဝန်း လုပ်ကိုင်ကြရသည်။

သင်္ကြန်ကာလမှာ နှစ်စဉ် ရွာထဲမှ ကုသိုလ်ရှင်များက မိမိတို့ တတ်နိုင်သလောက် ဥပုသ်သည်များနဲ့ ကလေးသူငယ်များကို ရွာဦးကျောင်းမှာ စတုဒီသာ ကျွေးပြီး ကုသိုလ်ယူကြသည်။ တစ်ရက်လျှင် တစ်ဦးနှုန်းဖြင့် ကုသိုလ်ရှင်များ သင်္ကြန်မတိုင်ခင် ကတည်းက စာရင်းပေးထားရသည်။ စတုဒီသာ ကျွေးသည်ဆိုရာမှာလည်း စားကောင်းသောက်ကောင်းတွေ သိပ်ပြီးမပါ။ သင်္ကြန်မုန့်များဖြစ်တဲ့ မုန့်ဖက်ထုပ်၊ မုန့်လုံးရေပေါ်၊သာကူကျို နဲ့ မုန့်ဟင်းခါး၊ ဆန်ပြုတ် စတာမျိုးလောက်ပဲ ဖြစ်သည်။နှစ်စဉ် စတုဒီသာ ကျွေးမွေးမှု့တွင် ကျေးရွာက စုပေါင်းပြီး တစ်ရက်တာဝန်ယူသည်။ ကျေးရွာ လူငယ်အဖွဲ့မှ တစ်ရက်တာဝန်ယူသည်။ ကျန်ရက်များကိုတော့ ကျေးရွာထဲမှ တစ်ဦးချင်းဖြစ်စေ၊ သုံးလေးဦးပေါင်းပြီး ဖြစ်စေ၊ စတုဒီသာ ကုသိုလ်အတွက် တာဝန်ယူကြသည်။

ကျေးရွာလူငယ်အဖွဲ့မှ ဦးဆောင်ပြီး သက်ကြီးရွယ်အိုများကို ရေချိုးခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်း၊ စသည်တို့ကို တက်ညီလက်ညီ ဆောင်ရွက်ကြသည်။ သင်္ကြန်တွင်း ညနေပိုင်းမှာတော့ ချောင်းထဲရေခပ်လမ်း တစ်လျှောက် ရေခပ်သူ၊ရေချိုးသူများနဲ့ စည်ကားနေသည်။ မိန်းမပျိုလေးများက ရွာဦးကျောင်းကို ရေပို့ပြီး ကုသိုလ်ယူကြသည်။ ကျောင်းပေါ်မှာ ကိန်ဝပ်စံပယ်သော ကျောက်ဆင်းတု ရုပ်ပွားတော် များကို သင်္ကြန်တွင်း ကာလတွင် ရေသပ္ပာယ်ရန် သင်္ကြန်မဏ္ဌပ်ကို ပြောင်းရွှေ့ပင့်ဆောင်ကြသည်။ ညနေပိုင်းမှာတော့ ရုပ်ပွားတော်များကို ရေသပ္ပာယ်သူ၊ အမွှေးနံ့သာရည် ဆွတ်ဖျန်းသူများနဲ့ စည်းကားနေသည်။

လူပျိုခေါင်းဆောင် ကိုကြီးဖိုးတုတ်ဦးဆောင်တဲ့ လူငယ်အဖွဲ့က ချောင်းထဲရေခပ်လာသူများကို လမ်းမှဆီးကြိုပြီး ဖလားခွက်ဖြင့် အေးဆေးညင်သာစွာ ရေလောင်းကြသည်။ ရွာဦးကျောင်းကို ရေပို့သွားမည့် မိန်းမပျိုများကိုတော့ ကျောင်းသို့အသွားတွင် ရေမလောင်းကြ။ ကျောင်းကအပြန် လမ်းရောက်မှ ရေလောင်းကြသည်။ သင်္ကြန်အကျ နေ့မှစပြီး လူငယ်အဖွဲ့က မနက်ပိုင်းမှာ ဥပုသ်စောင့်ပြီး စတုဒီသာ ကျွေးမွေးရာမှာ ၀ိုင်းဝန်းကူညီကြသည်။ နေ့လည်ပိုင်းမှာ ဒိုးပတ်ဝိုင်းနဲ့ ရွာထဲလှည့်ပြီး တစ်အိမ်တက်ဆင်း ရေလောင်းထွက်သည်။ အဲ့ဒီလိုအချိန်ဆိုရင် ရွာသူလုံမေတို့ ရေလောင်းမှာကို ကြောက်ပြီး ပုန်းအောင်းနေတတ်သည်။ အိမ်ပေါ်မှ အောက်မဆင်းတော့။ ကိုလူပျိုတို့ကလည်း မိန်းမပျိုရှိတဲ့ အိမ်ဆိုရင် ရေ မလောင်းရမချင်း မပြန်ကြ။ ဒိုးပတ်ကို မြိုင်ဆိုင်အောင် တီးလို့ မိဘဖြစ်သူတွေကို ရေလောင်းခံဖို့ ပြောပေးခိုင်းသည်။ အပုန်းကောင်းသော လုံမငယ်လည်း နောက်ဆုံးတော့ လက်လျှော့ကာ အိမ်အောက်ဆင်းပြီး ရေလောင်းခံရသည်။ မရမှန်းသိပါလျက် ပုန်းအောင်းတတ်တာကလည်း အညာသင်္ကြန်ရဲ့ သဘာဝလေးတစ်ခု ပင်ဖြစ်သည်။ ကျွန်တော့် အဖွားတို့ခေတ်တုန်းက နွားစာ ကောက်ရိုးပုံထဲ ၀င်ပုန်းတာ လိုက်ရှာတဲ့ သူက တက်နင်းမိလို့ အော်ပြီး ငိုခဲ့ဖူးကြောင်း အဖွားပြောပြလို့ သိခဲ့ရသည်။

ယဉ်ကျေးစွာ ရေလောင်းလို့( photo from google)

နောက်ထပ်ချစ်စရာ ကောင်းတဲ့ ဓလေ့တခုက သင်္ကြန်နောက်ဆုံးနေ့မှာ ရွာသူလုံမပျိုတို့က ကိုလူပျိုတို့ကို ကြိုးတုတ်ပြီး ရေလောင်းခြင်းပဲ ဖြစ်သည်။ ကျန်တဲ့ရက်တွေမှာ သူတို့က ရေလောင်းတာကို အေးဆေးစွာ ခံယူပြီးပြီဆိုတော့ သင်္ကြန်နောက်ဆုံးနေ့မှာ ကိုလူပျိုတို့ အတွက် လက်ဆောင် ပြန်ပေး ကြခြင်းဖြစ်သည်။ အရင်နေ့တွေက ဒိုးပတ်ဝိုင်းနဲ့ ရေလှည့်လောင်းကြသော ကိုလူပျိုတို့လည်း သင်္ကြန် နောက်ဆုံးနေ့မှာ ဒိုးပတ် မတီးနိုင်တော့။ ဖလားခွက်လေး ကိုင်ပြီးတော့ပဲ ရေလောင်းထွက်ကြရသည်။ အဲ့ဒီနေ့မှာဆို လုံမပျိုတို့ကလည်း သွေးစည်းညီညွတ်ကြသလားမမေးနှင့်။ တစ်အိမ်အိမ်မှာ လေးငါးယောက်စုပြီး နေတတ်သည်။ အိမ်ရှေ့ကို ယောင်လည်လည်နဲ့ ရေလောင်းဖို့လာသူ မြင်ရင် တစ်ယောက်လောက်က ထွက်ပြီးရေလောင်းခံသည်။ ရေလောင်းတဲ့သူကလည်း လောင်းသာလောင်းရသည် ကျောတော့မလုံလှ။ ရေလောင်းနေတုန်း ပုန်းနေကြတဲ့ အဖော်တွေထွက်လာပြီး ကိုလူပျိုကို ၀ိုင်းဖမ်းကြသည်။ ပထမဆုံး တစ်ယောက်မိပြီဆိုရင်တော့ တစ်ရွာလုံးမှာ ဆူညံပွက်နေတော့သည်။ အိမ်ထောင်သည် အမျိုးသားများက လုံမပျိုတို့ဘက်မှ ကူညီပြီး ကိုလူပျိုတို့ကို ဖမ်းပေးသည်။ အညာနွေ နေပူပူမှာ ထွက်ပြေးသူကပြေး လိုက်ဖမ်းသူက ဖမ်းနဲ့ မသိရင် ပြေးတမ်းလိုက်တမ်း ကစားနေသည်ဟုပင် ထင်ရသည်။

ကိုလူပျိုတို့ကလည်း ကိုယ့်အဖွဲ့ကလူ ကြိုးတုတ်ခံထားရပြီဆိုတာသိသည်နှင့် မနေနိုင်တော့ သွားကယ်ဖို့အတွက် ကြိုးစားကြသည်။ မသိရင်တော့ ကလေးကလား ဆန်တယ်ထင်ဟုထင်ရသည်။ လာကယ်တဲ့ သူတွေကို လိုက်ဖမ်းသူကဖမ်း၊ မိပြီးသားသူကို ရေလောင်း ဖို့ရန်အတွက် ရေထမ်းသူက ထမ်း၊ တမာခက်ချိုးသူက ချိုး၊ အိုးမည်းရှာသူက ရှာ နဲ့ သူတို့အဖွဲ့နဲ့သူတို့တော့ အဆင်ကို ပြေလို့နေသည်။ ကြိုးတုတ်ခံရသော ကိုလူပျိုအများစု ကြောက်ကြတာက ရေ၀အောင် လောင်းမပေး ခြင်းကို ကြောက်ခြင်းဖြစ်သည်။ အညာနွေ ပူပြင်းသည် ဆိုသော်လည်း ကြိုးတုတ်ပြီး ရေလောင်းခံရလျှင်တော့ ခိုက်ခိုက်တုန်အောင် ချမ်းလှသည်။ မချမ်းလျှင်ရော ခံနိုင်ရိုးလား။ ရေလောင်းတာကလည်း ကြည့်အုံးလေ။ ရေခွက်ထဲကနေ တမာခက်နဲ့ရေကို ဆွတ်ပြီး ဖျန်းပေးသည်။ နောက်ပြီးတော့ ဆန်ကောနဲ့ ယပ်တောင်လုပ်ပြီး ခပ်ပေးသေးသည်။ ကိုလူပျို လေးငါးယောက်လောက် ဖမ်းမိပြီဆိုရင်တော့ အေးအေးဆေးဆေးနဲ့ ရေဖျန်း၊ယပ်ခပ် လုပ်ပေးသည်။ ရွာရှိ လူကြီးကလေး အကုန်လုံး ကိုလူပျိုတို့ ကြိုးတုတ်ခံပြီး ရေလောင်းရာဆီသို့ လာကြည့်ကြသည်။ လုံမပျိုတို့ကတော့ မှိုရတဲ့ မျက်နှာနဲ့ ပြုံးပျော်နေကြသည်။ ကြိုးတုတ်ခံရတဲ့ ကိုလူပျိုတို့ကတော့ ခိုက်ခိုက်တုန်အောင် ချမ်းနေကြသည်။ ရေလောင်းတာ အားရလို့ ကြိုးဖြေခါနီးရင်တော့ အပျိုခေါင်းဆောင် မစိန်ဋ္ဌေးက ဆီနဲ့ရောထားတဲ့ အိုးမည်းတွေကို လက်မှာပွတ်လို့ နှုတ်ခမ်းမွေးဆွဲပေးသည်။ မျက်မှန်တပ်ပေးသည်။ ပါးကွက်ကြား ကွက်ပေးသည်။ အိုးမည်းကလည်း ဆီလေးပါတော့ မျက်နှာပေါ် ရောက်သွားရင် တော်တော်နဲ့ ဖျက်လို့မရနိုင်။ ပြီးရင်တော့ ကြိုးဖြေပေးသည်။ အိမ်ရောက်လျှင်တော့ ခိုက်ခိုက်တုန်နေသည့်ကြားက မျက်နှာက အိုးမည်းကို ဆပ်ပြာနဲ့ နှစ်ခါလောက်ဆေးမှ ပြောင်တော့သည်။ သင်္ကြန်တိုင်းမှာ ပြုလုပ်နေကြ ကစားပွဲလို့ပဲ ပြောရမလား၊ လူပျိုအပျို စည်းလုံးမှု့ကို ပြိုင်တဲ့ပွဲလို့ ပြောရမလားမသိ။ တစ်ယောက်ကို တစ်ယောက် အာဃာတ မရိ၊ှ ရန်ငြိုးမထား ချစ်ချစ်ခင်ခင်နဲ့ ရေကစားကြသည်။

နှစ်ဆန်းတစ်ရက်နေ့မှာတော့ ပတ်ဝန်းကျင်ရှိ ရွာက ဘုန်းတော်ကြီးများကို ပင့်ဖိတ်ဆွမ်းကပ်ပြီး ညနေ နေအေးချိန်မှာ ရွာလည်ပိုင်းကစပြီး ကျေးရွာထောင့်လေးထောင့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ကြသည်။ အန္တရာယ်ကင်းအတွက်ကိုတော့ ကျေးရွာလူကြီးက အလှည့်ကျစနစ်နဲ့ တာဝန်ချပေးသည်။ တာဝန်ကျရာအိမ်က ဘုန်းတော်ကြီးများကို လှူဖွယ်ပစ္စည်းများနဲ့ လှူဒါန်းပြီး၊ ပရိတ်နာသူများကို မိမိတို့ တတ်နိုင်ရာ အစားအသောက်များနဲ့ ဧည့်ခံကျွေးမွေးကြသည်။ အိမ်တိုင်းမှလည်း နီးစပ်ရာ အန္တရာယ်ကင်းအိမ်သို့ ပရိတ်ရေအိုး၊ ပရိတ်သဲ၊ ပရိတ်ပန်း စသည်တို့ ပို့ထားကြသည်။

ပကာသနမပါ၊ ပြိုင်ဆိုင်မှု့ကင်း၊ ရိုးသားမှုကို အခြေခံပြီး ကျင်းပတဲ့ အညာသင်္ကြန်ပွဲလေးကို လွမ်းမိသည်။ တစ်ယောက်ကို တစ်ယောက် ရေလောင်းပြီး သင်္ကြန်ကာလကို အေးချမ်းစွာ ဖြတ်သန်းကြသည်။ တောရွာဓလေ့ကိုလည်း မပယ် ယဉ်ကျေးမှု့ကိုလည်း မပျက်ပြယ် စေသော အညာအတာသင်္ကြန် မြင်ကွင်း လေးများပဲ ဖြစ်ပါသည်။

အညာအတာသင်္ကြန်ရဲ့ စရိုက်လေးတွေကို ဗဟုသုတ အနည်းငယ်မျှ ရတယ်ဆိုရင် လုံ့လပြုရကျိုး နပ်ပါတယ်။

အားလုံးပဲ မကြာခင်မှာ ရောက်လာတော့မည့် အတာသင်္ကြန်မှာ အေးချမ်းစွာ ပျော်ရွှင်နိုင်ကြပါစေ....



 

1 comment:

  1. သင်္ကြန်ကတော့ သီချင်းသံကြားရင်ကို စိတ်ထဲမှာ ပျော်လာတာ.. မြန်မာပြည်ပြန်ချင်တယ်.. :)

    ReplyDelete