![]() |
| ဒန့်သလွန်ရွက်( photo from google) |
အပင်တွေအကြောင်း မရေးဖြစ်တာလဲ အတော်လေးကို ကြားသွားပြီ။ ဒါကြောင့် ဒီတစ်ခါတော့ အညာမှာ ဟင်ချိုချက်စားလေ့ရှိတဲ့ ဒန့်သလွန်ပင် အကြောင်းလေး သိသမျှရေးသားပေးလိုက်ပါတယ်။
![]() |
| ဒန့်သလွန်အပွင့်နဲ့အသီး(photo from goole) |
ဒန့်သလွန်ပင်က အစေ့ကိုစိုက်ပျိုးရတာပါ။ မိုးတွင်းမှာဆို အကိုင်းရင့်တာကို ခုတ်ပြီးတော့ စိုက်ရင်လည်း ရှင်သန်ပါတယ်။ အစေ့စိုက်တာလောက်တော့ မသေချာဘူးပေါ့။ နောက်ပြီး ဒန့်သလွန်ပင်က တခြားအပင်တွေလို သိပ်ပြီးမမာပါဘူး။ ကိုင်းဆတ်တဲ့ အပင်အမျိုးအစားမှာပါတယ်။ ဒါကြောင့် ဒန့်သလွန်ပင်ပေါ် တက်မယ်ဆိုရင် သတိထားပြီး တက်ရပါတယ်။ နောက်ပြီး ပင်စည်ကို ပိုးတွေကလည်း အတော်ကြိုက်ပါတယ်။
ကျွန်တော်တို့အညာဘက်မှာတော့ ဒန့်သလွန်ရွက်ကို ဟင်းချိုချက်စားကြတယ်။ ဒန့်သလွန်ပင်တစ်ပင်လောက် စိုက်ထားရင် မိသားစု ထမင်းဝိုင်းမှာ ဟင်းတစ်မယ်အတွက်တော့ အဆင်ပြေပါတယ်။ အသီးကိုတော့ ကျွန်တော်တို့ဆီမှာ ပဲကုလားဟင်းချက်ရင် ထည့်ချက်တယ်။ မြို့ပေါ်မှာကတော့ သီးစုံချဉ်ရည်ဟင်း၊ သီးစုံပဲကုလားဟင်း ချက်ရင်လည်း ထည့်ကြတယ်။ အဲ့ဒီဟင်းတွေကတော့ မြို့ပေါ်ကလူတွေ အများစု ချက်စားကြတဲ့ ဟင်းပါ။ တောမှာတော့ သီးစုံအောင်မထည့်နိုင်ဘူးလေ။ ဒါကြောင့် ဒန့်သလွန်သီးကို ပဲနဲ့ချက်တယ်။ အသီးရဲ့ အတွင်းသားတွေကို ဇွန်းနဲ့ခြစ်ပြီးတော့ ကြက်ဥနဲ့ကြော်စားတယ်။ အများအားဖြင့်တော့ အရွက်ကို ဟင်းချို ချက်စားကြပါတယ်။
![]() |
| သူလေး ဘာတွေရှာနေပါလိမ့်(photo from google) |
နောက်ပြီးတော့ မီးဖွားခါစ သားသည်မိခင်တွေကို မီးတွင်းထဲမှာကတည်းက ဒန့်သလွန်ရွက်ဟင်း ချက်ကျွေးပါတယ်။ သူတို့အဆိုအရ ဒန့်သလွန်ရွက်က နို့ပေါစေတယ်လို ပြောပါတယ်။ ဆေးအသုံးမှာတော့ ဒန့်သလွန်ရွက်က သွေးတိုးကျဆေး အဖြစ်လည်း အလွန်အသုံးဝင်ပါတယ်။ သွေးတိုးရောဂါရှိတဲ့ သူတွေ ရုတ်တရက် သွေးတိုးလာရင် ဒန့်သလွန်ရွက်ကို ကြိတ်ပြီးရတဲ့ အရည်ကို သောက်ပေးလျှင် သွေးတိုးကျစေပါတယ်။
![]() |
| ဒန့်သလွန်ပွင့်(photo from google) |
ဒန့်သလွန်အဖူး၊ အပွင့်လေးတွေကလည်း ဟင်ချိုးချက်သောက်ရင် ကောင်းပါတယ်။ ကျွန်တော်တို့ ရွာဘက်မှာတော့ ဒန့်သလွန်ပင်က အိမ်တိုင်းလိုလို ရှိတယ်။ သူရှိတာက ဟင်းလွယ်တယ်လေ။ နောက်ပြီး သူက အရွက်လည်း သိပ်ပြတ်တယ်မရှိဘူး။ နွေရာသီလောက်ပဲ အရွက်ကြွေတာ။ ကြွေပြီးရင် အရွက်နုပြန်ထွက်။ အဖူး၊အပွင့် ပွင့်ပြီး အသီးသီး။ ရှားရှားပါးပါး နွေရာသီမှာအရွက်ကြွေပြီး အရွက်နုပြန်ထွက်ခါစ အချိန်ဆိုရင် ဒန့်သလွန်ရွက် ဟင်းချိုက အတော်လေး စားလို့ကောင်းတယ်ဗျ။
မိုးရာသီဆိုရင်တော့ ဒန့်သလွန်ရွက်ကို ကျန်တဲ့ဟင်းရွက်တွေနဲ့ ရောပြီး ဟင်းချိုချက်စားပါတယ်။ ဆူးပုတ်ရွက်၊ပီလောရွက်၊ ဖရုံရွက် စတာတွေနဲ့ပေါ့။ နောက်ပြီး ဒန့်သလွန်သီးကို မြို့မှာ ငါးနဲ့အရည်သောက်ချက်စားတာ တွေ့ဖူးတယ်။ သီစုံပဲကုလားဟင်းတို့၊ သီးစုံချဉ်ရည်ဟင်းတို့မှာ ထည့်နေကျ ပါဝင်ပစ္စည်းတစ်မျိုးပေါ့။ ကျွန်တော်ကတော့ ဒန့်သလွန်သီးကို ကုလားပဲနဲ့ဟင်းချိုချက်တာ ကြိုက်တယ်။ နောက်ပြီး ဒန့်သလွန်သီး ကြက်ဥကြော်လည်း ကြိုက်တယ်။ အစေ့မနုမရင့်လေးတွေကို ၀ါးစားရတာ အတော်လေးဆိမ့်ပါတယ်။ မန်ကျည်းရွက်နုချိန်ဆိုရင် ဒန့်သလွန်သီးကို ခွဲပြီး အသားတွေကို ဇွန်းနဲ့ခြစ်၊ မန်ကျည်းရွက်နုလေးနဲ့ ရောပြီး ချဉ်ရည်သောက် ချက်စားရင်လည်း ထမင်းမြိန်ပါတယ်။ သူနဲ့တွဲဖက်ကတော့ ကြက်သွန်နီ ငရုတ်သီးထောင်းလေးပေါ့။ ကဆုန်နယုန် မိုးဦးကျခါစဆိုရင် အဲ့ဒီဟင်းက အိမ်မှာ အမေအမြဲချက်ကျွေးနေကျပေါ့။ မန်ကျည်းရွက်က ပေါတယ်လေ။ ဒန့်သလွန်သီးကတော့ အပင်မှာ တစ်တောင့်တစ်လေ ကျန်တာလေးနဲ့ပေါ့။ တချို့ကျတော့လည်း ကိုယ့်တစ်အိမ်တည်း စားလို့မကုန်တော့ ဒန့်သလွန်သီးကို အစည်းလေးတွေ စည်းပြီးတော့ တခြားရွာတွေကို သွားရောင်းကြတယ်။
![]() |
| ဒန့်သလွန်သီး (photo from google) |
ဒန့်သလွန်ပွင့်လေးတွေကတော့ လှလည်းလှ၊ မွှေးလည်းမွှေးတယ်ဗျာ။ ဒန့်သလွန်ပင် ပွင့်တဲ့အချိန်ဆိုရင် လေတိုက်တိုင်း မွှေးနေတာပဲ။ ညအိပ်တဲ့အချိန် ပြတင်းပေါက်က တိုးဝင်လာတဲ့ လေပြေအေးအေးမှာ ဒန့်သလွန်ပန်းနံ့လေးကို ရှုရှိုက်ရင်း အိပ်ရတာလည်း တစ်မျိုးအရသာရှိတယ်ဗျ။
ဒန့်သလွန်ပင်နဲ့ ပတ်သက်ပြီး ဆေးအသုံးတွေ တော်တော်များများ ကျန်နေလောက်ပါသေးတယ်။ ကျွန်တော်ကတော့ အဖွားသွေးတိုးရင် ဒန့်သလွန်ရွက်ကို အရည်ညှစ်ပြီး တိုက်နေကျမို့ သွေးတိုးကျတာကိုပဲ ကောင်းကောင်းသိပါတယ်။ ကျန်တဲ့ဆေးနည်းလေးတွေ သိရင် မျှဝေပေးခဲ့ပါအုံး။ ဗဟုသုတပေါ့။
လာလည်းရင်းနဲ့ ဗဟုသုတလေးတွေ အနည်းငယ်မျှ ရသွားတယ်ဆိုရင် ကျေနပ်ပါတယ်။
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ………။







ဒန့် သလွန်ရွက်ကြော် ကြိုက်ပါသည်။ ဒန့် သလွန်သီး ချဉ်ရည်ဟင်းလည်း သိပ်ကြိုက်ပါသည်။
ReplyDeleteချက်ပီးတင်ပေးပါက ပိုကောင်ပါသည်။
(အလုပ်ရှုပ်အောင် ကြပ်သွားသည်)
This comment has been removed by the author.
ReplyDeleteဒန့်သလွန်သီးကို သီးစုံချဉ်ရည်ချက်တာကြိုက်တယ်။ အသားကိုခြစ်ပြီး ကြက်သားနဲ့ ချက်တာလည်းကြိုက်တယ်။ ဒန့်သလွန်ရွက်ကို ပုဇွန်ခြောက် ၊ ကြက်သွန်ဖြူတို့နဲ့ ဟင်းချိုချက်တာလည်းကြိုက်တယ်။
ReplyDeleteခုနက ကွန်မန့်ကို စိတ်ရှုပ်သွားမှာစိုးလို့ဖျက်လိုက်တာပါ။
ခင်မင်လေးစားလျက်
အလင်းစက်ရေ... ဒန့်သလွန်သီး လက်ဆောင်ရလို့ ချက်စားတုန်းက ဓာတ်ပုံရိုက်ဖို့ မေ့သွားတယ်ဗျာ။ ဂူဂယ်မှာတော့ ဟင်းချက်ပြီးသားပုံလေးတွေ တွေ့ပါတယ်။ အပင်ပုံလေးတွေ သဘောကျတာနဲ့ ဟင်းခွက်ပုံလေးတွေကို ချန်ထားခဲ့တာ။ လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
ReplyDeleteမေသိမ့်သိမ့်ကျော်...လာလည်တဲ့အတွက် ကျေးဇူးပါဗျာ။ ဖျက်လိုက်တဲ့ ကွန်မန့်ကို ဘာများဖြစ်မလဲလို့ စိတ်ဝင်စားနေမိတယ်။
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
ReplyDelete