တောင်ကလပ်ရဲ့သင်္ကေတ မျောက်မိသားစု
မနက်လေးနာရီခွဲ ငါးနာရီလောက်မှာကျွန်တော်တို့အဖွဲ့ တောင်ကလပ်ကို ရောက်ပါတယ်။ ဝေလီဝေလင်း အချိန်မို့ တောင်ကလပ်ပေါ်ကို မတက်သေးဘဲ တောင်ခြေမှာခဏအနားယူကြပါတယ်။ ကျွန်တော်တို့အဖွဲ့ နောက်မှ တောင်ကလပ်ဈေးကို ငှက်ပျောသီးလာရောင်းသော ငှက်ပျောသီးသည်များလည်း အထမ်းကိုယ်စီနဲ့ ရောက်လာကြပါတယ်။လူတစ်ကိုယ်တည်း သွားဖို့ရာခက်တဲ့ ကျောက်ခဲတွေကြားမှာ သူတို့ကငှက်ပျောခိုင်တွေ ထမ်းပြီးထာတာမြင်တော့ အံ့သြမိပါတယ်။ တချို့တွေက လက်နှိပ်ဓာတ်မီးတောင် မပါကြဘူး။သူတို့ခြေထောက်တွေက သွားနေကျဆိုတော့ဘယ်နားမှာဘာရှိတယ်ဆိုတာကို အလွတ်ရထားပြီးသား ဖြစ်ဟန်တူပါတယ်။ မနက်စောစော မှောင်နဲ့မည်းမည်းမှာ ဘ၀၀မ်းစာရေးအတွက် လုပ်ကိုင်စားသောက်ရတဲ့ သူတို့ဘ၀ကလည်း မလွယ်လှပါဘူး။ကျွန်တော်တို့လည်း အမောပြေနားပြီး အလင်းရောင်ကောင်းကောင်းလာတော့ တောင်ကလပ် ပေါ်ကိုတက်ကြပါတယ်။ နံနက်အစောဖြစ်သေးတာကြောင့် လူရှင်းနေပြီး အေးအေးဆေးဆေးရှိလှပါတယ်။ တောင်ပေါ်ကိုရောက်လို့ လည်ပတ်ပြီးတော့ ကျွန်တော်တို့အဖွဲ့ပြန်ဆင်းပါတယ်။တောင်ပေါ်ကအဆင်းခရီးမှာ လူတွေက တော်တော်များနေပြီ။ကျွန်တော်တို့အဖွဲ့ တောင်ခြေပြန်ရောက်တော့ ဘုရားဖူးလာတဲ့ကားတွေ၊ ခြေလျင်လာကြတဲ့ လူတွေကလည်း အဖွဲ့လိုက် တောင်ဖို့တက်ဖို့ရာ ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့လည်း လိုအပ်တဲ့ ရေဗူးနဲ့စားစရာလေးများဝယ်ပြီး နံနက်(၈)နာရီခွဲမှာ ပုပ္ပားတောင်မကြီးပေါ်ကို စတက်ကြပါတယ်။တောင်မကြီးပေါ်ကို တောင်ပတ်လမ်းအတိုင်း တက်နိုင်သလို ခြေလျင်လမ်းမှလည်း တက်ကြပါတယ်။ကျွန်တော်တို့အဖွဲ့ကတော့ဖြတ်လမ်း(ခြေလျင်လမ်း)ကပဲတက်ခဲ့ကြပါတယ်။တောင်ပတ်လမ်း အတိုင်းတက်မယ် ဆိုရင်တော့လူတွေသက်သာပြီးအချိန်ကြာပါတယ်။ဖြစ်လမ်းကနေတက်မယ်ဆိုရင်တော့ လူနဲနဲပင်ပမ်းပါတယ်။ ဒါပေမဲ့ပျော်ဖို့အရမ်းကောင်းပါတယ်။စကားပင်များအောက်ကနေ ဖြတ်သွားတဲ့အခါ စကားဝါပန်းရနံ့တွေက သင်းပျံ့နေပြီးအမောပြေစေပါတယ်။ သွားရာလမ်းတစ်လျှောက်မှာ ကတွတ်ပင်တွေ လည်းအများကြီးတွေ့ရပါတယ်။ မှည့်နေသောကတွတ်သီးများကို ခူးစားရင်း၊စကားဝါပန်းတွေတက်ခူးရင်း တချို့နေရာတွေမှာ တစ်ယောက်ကိုတစ်ယောက်လက်တွဲပြီးတက်ကြရပါတယ်။ တောင်အလယ်ပိုင်းလောက် ရောက်တော့ လေတွေကတိုက်တာ တဟူးဟူးနဲ့ နွေနေပူပူအောက်မှာ လေတိုက်တဲ့အရသာကိုခံစားရတာ သိပ်ကောင်းပါတယ်။ခရီးသွားရာမှာ ပြဿနာတစ်ခုက ရေအလွန်ရှားပါတယ်။ကျွန်တော်တို့ကြားဖူးတာက ပုပ္ပားတာင်မကြီးမှာ ရေထွက်ပေါင်း(၉၉)ခုရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့တောင်မကြီး ပေါ်မှာတော့ ရေထွက်လုံးဝမရှိပါဘူး။တောင်ကလပ်အောက်ခြေ တုန်းက ရေသန့်ဗူး ကိုယ်စီသယ်လာကြလို့ တော်ပါသေးတယ်။ ဒါတောင် တစ်ယောက်တစ်ဗူးနဲ့ တောင်ပေါ် အထိမလောက်ပါဘူး။ တောင်အထက်ပိုင်းရောက်တော့ လေကလည်းပိုပြင်းထန်လာပါတယ်။နေပူပူအောက် မှာလေအေးအေးကတိုက်ခတ်နေတော့ ပင်ပမ်းမှု့တွေကိုလည်း သက်သာစေပါတယ်။တချို့မိန်းခလေးတွေ ကတော့ တောင်ထိပ်ပေါ်မရောက်သေးဘူး မောနေကြပြီ။ တချို့က လမ်းတ၀က်ကနေ လှည့်ပြန်မယ်ဆိုလို့ မနည်းတားယူရတယ်။ မိန်းခလေးတွေဆိုတော့လည်း အပင်ပမ်းသိပ်မခံ နိုင်ကြဘူးပေါ့။ ကျွန်တော့်ညီမ၀မ်းကွဲ တစ်ယောက်ဆိုရင် ရောက်ခါနီးမှ ဘယ်လိုမှဆက်မတက်နိုင်လို့ ဘေးကနှစ်ယောက်က တွဲပြီးတောင်ပေါ်ကို တက်ရပါတယ်။အဲ့ဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့တွေ တောင်ပေါ်တက်ရာလမ်းတစ်လျှောက် တချို့နေရာတွေမှာ စကားဝါပန်းတွေတက်ခူးရင်း၊ ကတွတ်သီးတွေခူးစားရင်း၊ တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်းရင်းနဲ့ တောင်မကြီးထိပ်နားက လေယာဉ်ကွင်းတည်ရှိရာကို ရောက်ခဲ့ပါတယ်။ တောင်ပတ်လမ်းကနေ တက်မယ်ဆိုရင်လည်း လေယာဉ်ကွင်းမှာလမ်းဆုံးပါတယ်။ လေယာဉ်ကွင်းကနေ အထက်ကိုတော့ ခြေလျင်ပဲ တက်လို့ရပါတယ်။ ပုပ္ပားတောင်မကြီးရဲ့ အမြင့်ဆုံးအပိုင်းဖြစ်ပါတယ်။အပေါ်အထိရောက် အောင်(၁၅)မိနစ်ခန့် ခြေလျင်တက်ရပါသေးတယ်။ တောင်ထိပ်ပေါ်မှာတော့ စေတီတော်လေးတွေနဲ့ ဘုရားစောင်းတန်းတွေ၊မိုးရေလှောင်ကန်တွေ၊ပုပ္ပားထပ်ဆင့်အသံလွှင့်ရုံ စတာတွေပဲရှိပါတယ်။ တစ်လမ်းလုံး ရေမတွေ့သမျှ တောင်မကြီးထိပ်ပေါ် ရောက်မှပဲရေကန်တွေနဲ့ ရေတွေပေါများစွာတွေ့ရပါတယ်။ အသံလွှင်ရုံ
ဝန်ထမ်းတွေအတွက် မိုရေကိုလှောင်ထားပေးတာပါ။
ပုပ္ပားရဲ့သင်္ကေတ စကားဝါပန်း
ဝန်ထမ်းတွေအတွက် မိုရေကိုလှောင်ထားပေးတာပါ။
ပုပ္ပားရဲ့သင်္ကေတ စကားဝါပန်း
ကျွန်တော်တို့အဖွဲ့တောင်ပေါ်ရောက်တော့ ဆယ်နာရီခွဲပါပြီ။တောင်မကြီးပေါ်ကို တက်တာဖြတ်လမ်းကနေ (၂)နာရီခန့်ပဲ ကြာပါတယ်။ တောင်မကြီးပေါ်ကို ရောက်တော့ ဘုရားစောင်းတန်းမှာနားပြီး ပါလာတဲ့ထမင်းချိုင့်တွေ ကိုဝေငှပြီးစားသောက်ကြပါတယ်။ မနက်ကတည်းက အစာလည်းသိပ်မစားထားတော့ ထမင်းစားလို့ကောင်းလိုက်တာကလည်း မပြောပါနဲ့။ သူကြီးကတော် ချက်ထည့်ပေးလိုက်တဲ့ ငါးခြောက်နဲ့ခရမ်းချဉ်သီးချက်ရယ် သရက်ချဉ်သုပ်ရယ်၊ငရုတ်သီကြော်ရယ်က မောပမ်းမှု့ကိုဖြေသိမ့်ပေးပါတယ်။ စားကောင်းကောင်းနဲ့ ပါသမျှချိုင့်တွေလည်း ပြောင်သွားတာပါပဲ။